ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ …

ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်လို့ သိလိုက်ရတဲ့ အချိန်မှာ …

တစ်ခါတရံမှာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို လိမ်နေတယ်၊ အဲဒါကိုလည်း ကိုယ်က သိနေတယ် ၊

ဒါပေမယ့် ကိုယ်က ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးမှာ ရောက်နေတယ်ဆိုရင် စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားနေရမှာ သေချာပါတယ်။

ကိုယ့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ရက်လေခြင်း၊ ကိုယ့်ကို လိမ်ရက်လေခြင်းဆိုတဲ့ ခံစားချက်တွေကို ပွားများအောင် တွေးတောမနေဘဲ ဒါလေးတွေကို သတိရဖို့ ပြောချင်ပါတယ်။

(၁) လိမ်တဲ့သူက ကိုယ်ခံစားရတာထက် ပိုပြီး ခံစားရမယ်ဆိုတာ သတိရပါ

မကောင်းမှုတစ်ခုလုပ်တဲ့ သူဟာ တချိန်ချိန်မှာ ၀ဋ်ပြန်လည်မှာပါ။

ကိုယ့်ရဲ့ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ခဲ့သလိုမျိုး သူလည်း တစ်ချိန်ချိန်ပြန်ကြုံရမယ်ဆိုတာ သေချာပါတယ်။

ဒါကြောင့် ကိုယ့်ကို လိမ်တဲ့သူကို ကိုယ်တိုင် အပင်ပန်းခံ တုံ့ပြန်နေစရာ မလိုပါဘူး။

(၂) သူလိမ်နေတာကို သိရတာဟာ ကံကောင်းတယ်လို့ တွေးပါ

သူကိုယ့်ကို လိမ်နေပါလား ဆိုတဲ့ အမှန်တရားက ခါးသီးပေမယ့် ဒါကို မသိဘဲ လူလိမ်ကို လူကောင်းလို့ ထင်မှတ်နေတာက ပိုဆိုးပါတယ်။

လိမ်နေမှန်း စောစောသိရတော့ လူလိမ်တွေနဲ့ လမ်းခွဲဖို့ ပြင်ဆင်ချိန် ပိုရတယ်ပဲ မှတ်ရမှာပါ။

(၃) လူလိမ်ဆိုတာ နာကျင်မှုတွေကိုပဲ ပေးမှာမို့ လမ်းခွဲဖို့စဉ်းစားပါ

ကံငါးပါးမှာ မုသာဝါဒ တစ်ပါးတည်းပဲ မလုံတာဆိုတဲ့ သူတွေက ကြောက်စရာ အကောင်းဆုံးပါ။

ဒီတစ်ပါးကို ချိုးဖောက်ပြီးကျန်တာအားလုံး ဆက်တိုက်ကျူးလွန်နိုင်တာကြောင့် ဆက်ပြီးလက်တွဲမယ်ဆိုရင် ကိုယ်ပဲနာကျင်ရမှာပါ။

(၄) လမ်းခွဲပြီးရင်လည်း မေတ္တာပို့ပေးလိုက်ပါ

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အစားပြန်ယူနေရင် တစ်ကမ္ဘာလုံး မျက်ကန်းတွေချည်းပဲ ဖြစ်သွားမှာပေါ့။

တချို့တွေက ခွင့်လွှတ်ဖို့ မတန်သလို တချို့တွေကျတော့လည်း စိတ်ဆိုးနေဖို့ကို မတန်တာကြောင့်ပါ။

လိမ်တာက ကိုယ်မဟုတ်တဲ့အတွက် ကိုယ်ကခံစားနေစရာ အကြောင်းမရှိပါဘူး။

(၅) လူလိမ်တွေ ဆုံးရှုံးလိုက်ရတာက ကိုယ့်တစ်ယောက်တည်းရဲ့ ယုံကြည်မှုမဟုတ်ပါဘူးနော်

သူနဲ့ကိုယ့်အသိုင်းအ၀ိုင်းက လူတွေအားလုံးရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးလိုက်ရတာပါ။

ယုံကြည်မှုဆိုတာ တစ်ခါဆုံးရှုံးပြီးရင် ပြန်ရဖို့ မလွယ်တာမို့ သူတို့ကို လူတွေပြန်ယုံကြည်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

MAY THAZINHTOO